Saturday, August 15, 2015

အကြွေစေ့နှစ်စေ့

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။ ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။ ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး “ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်”လို့ဆိုတယ်။ အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။ “ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်”လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။ “ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်”လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။ သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ “တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်” လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။ “သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်” လို့ ကောင်လေးက ဆက်ပြောပါတယ်။ ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။ ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။ ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။ နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။ (၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်”ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။ သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို “မြက်စားတဲ့ ဒိုင်နိုဆော”ဘဝကနေ “အမေရိကားတိုက်ရဲ့ ခြင်္သေ့”အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။ သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ —- Dalai Lamaက ပြောခဲ့ပါတယ်။

မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီ

အမျိုးသမီးငယ် တစ်ဦးဟာ သူမရဲ့ အမေထံကိုသွားပြီး ဆိုးဝါးလှတဲ့ သူမဘ၀အကြောင်းကို ရင်ဖွင့်ပြောဆိုနေခဲ့တယ်..။ သူမဟာ ဒီ လောကဓံကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ကြောင်းနဲ့ အရှုံးပေးချင်စိတ် ဖြစ်ပေါ်နေကြောင်းတွေကိုပါ ပြောပြလျက်ရှိပါတယ်..။ သူမအတွက် ပြသနာတွေဟာ တစ်ခုပြီးတစ်ခု ရောက်ရှိလာတယ်..။ ဖြေရှင်းလို့ကို မပြီးနိုင်ဘူးဆိုပြီး ညည်းညူနေပြန်တယ်..။ သူမအမေဟာ သူမကို မီးဖိုချောင်ထဲသို့ ခေါ်သွားခဲ့တယ်…။ အိုး သုံးလုံးကို ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်..။ ခဏအကြာမှာ ရေနွေးပွက်လာတော့ သူမ အမေဟာ ပထမအိုးထဲကို မုန်လာဥ၊ ဒုတိယအိုးထဲကို ကြက်ဥနဲ့ တတိယအိုးထဲကို ကော်ဖီမှုန့်တွေ အသီးသီးထည့်လိုက်တယ်..။ သူမဟာ သမီးဖြစ်သူကို မိနစ်၂၀လောက်ထိုင်ပြီး စောင့်ကြည့်စေပြီး အဲ့ဒီနောက်မှာ မီးဖိုက မီးကို ငြိမ်းလိုက်တယ်..။ ပြီးတော့ ပထမအိုးထဲကနေ မုန်လာဥကို ထုတ်ပြီး ပန်းကန်လုံးထဲထည့်လိုက်တယ်…။ ပြီးတော့ ကြက်ဥ။ နောက်ဆုံး ကော်ဖီ တို့ကို ခွက်ထဲထည့်ထားလိုက်တယ်..။ ပြီးတော့ သူမ သမီးဘက်ကိုလှည့်ပြီး… "ကဲ… သမီး… ဘာတွေ့လဲ..အမေ့ကို ပြော…" "မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီခွက်လေ အမေရဲ့…" လို့ သမီးဖြစ်သူက ပြန်ဖြေတယ်..။ အမေဖြစ်သူက သမီးကို မုန်လာဥကို ကိုင်ကြည့်ပါလို့ ပြောလိုက်တယ်..။ သူမဟာ ပျော့ပျောင်းနေတဲ့ မုန်လာဥကို သတိပြုမိလိုက်တယ်..။ ကြက်ဥပြုတ်ကိုလည်း အခွံနွှာလိုက်တဲ့အခါမှာ မကျတ် တကျတ် ဖြစ်နေတဲ့ ကြက်ဥပြုတ် တစ်လုံးနဲ့ နောက်ဆုံး ကော်ဖီ တစ်ခွက်ကိုလည်း မြည်းကြည့်ဖို့ပြောတဲ့အတွက် သူမ တစ်ငုံသောက်ကြည့် လိုက်တယ်.။ သူမဟာ အမေဖြစ်သူ ဘာလို့ ဒီလိုတွေ လုပ်ခိုင်းနေလဲဆိုတာ နားမလည်နိုင်တာနဲ့ပဲ "အမေ… ဘာကိုဆိုလိုမှန်း သမီးတော့ နားမလည်တော့ဘူး.." "ဒီ မုန်လာဥ၊ ကြက်ဥ၊ ကော်ဖီမှုန့်ဆိုတဲ့ ပစ္စည်းသုံးမျိုးလုံးဟာ တူညီတဲ့ ရေနွေးဆိုတဲ့ အရာနဲ့ ထိတွေ့ခဲ့ကြတယ်..ဒါပေမယ့် သူတို့ အပေါ် သက်ရောက်ပုံခြင်း ကျတော့ မတူခဲ့ဘူး..။ မုန်လာဥဟာ ရေနွေးနဲ့ မထိခင် သန်မာပြီး မာကျောခဲ့တယ်..။ ဒါပေမယ့် ရေနွေးနဲ့ထိပြီး အခါမှာ လုံးဝကို ပျော့သွားခဲ့တယ်..။ ကြက်ဥဆိုတာ အရမ်းကို နူးညံ့တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် သူကျတော့ ရေနွေးနဲ့တွေ့တဲ့အခါမှာ ပိုပြီး သန်မာ လာခဲ့တယ်..။ ကော်ဖီမှုန့်တွေကတော့ အရမ်းကို လိမ္မာပါးနပ်တယ်..။ သူတို့ဟာ ရေနွေးနဲ့တွေ့ပြီးနောက်ပိုင်း သူတို့ပါ အရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ်.." "သမီးက ဘယ်ဟာလဲ…… ရေနွေးနဲ့တူတဲ့ လောကဓံက ကိုယ့်အပေါ် သက်ရောက်လာပြီဆိုရင် ဘယ်လိုတုံ့ပြန်မလဲ…? မုန်လာဥလား.. ကြက်ဥလား.. ကော်ဖီမှုန့်လား…ကိုယ်ဟာဘာလဲ ဆိုတာကို သေချာစဉ်းစားပါ.. လောကဓံကို အရှုံးပေးပြီး ပျော့ပြောင်းသွားတဲ့ မုန်လာဥ လား… ဒါမှမဟုတ် လောကဓံကြောင့်ပဲ ပိုမိုသန်မာလာတဲ့ ကြက်ဥလား… ဖြစ်လေရာ ဘ၀မှာ ပျော်နေတတ်တဲ့ ကော်ဖီမှုန့်ပဲလား… ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ….." ဒီ ၀တ္တုတိုလေးက ဒီလောက်ပါပဲ…။ စဉ်းစားစရာတွေ အများကြီးပါဝင်ပါတယ်..။ သင်ကိုယ်တိုင်ရော သင့်ကိုယ်တိုင် ဘာနဲ့ တူလဲလို့ စဉ်းစားမိသလဲ… မုန်လာဥလား..၊ ကြက်ဥလား.. ၊ ကော်ဖီလား….။

ဖန်ခွက်ကို အောက်ချပါ

စိတ်ပညာရှင်တစ်ယောက်ဟာ ပရိတ်သတ်တွေကို ကိုယ့်အပေါ်မှာရှိနေတဲ့ ဖိအားတွေကို ဘယ်လို ထိန်းချုပ် ဖယ်ရှားရမလဲဆိုတာကို ဟောပြောနေပါတယ်..။ သူဟာ ဖန်ခွက်တစ်ခွက်ကို မြှောက်ပြလိုက်ပြီး "ဒီဖန်ခွက် ဘယ်လောက် လေးမယ်လို့ထင်လဲ…" လို့မေးလိုက်တယ်..။ ပရိတ်သတ်တွေဆီက ၈ အောင်စ ကနေ ၂၀ အောင်စ အထိအလေးချိန် ရှိကြောင်း အဖြေ အမျိုးမျိုး ထွက်လာခဲ့ကြတယ်..။ သူက ရှင်းပြတယ်.."ကျွန်တော် ပြောချင်တာက ဒီခွက်ရဲ့ အလေးချိန်က အဓိက မကျပါဘူး..။ ကျွန်တော် ဒါခွက် ကို ဘယ်လောက်ကြာကြာ ကိုင်ထားရမလဲ ဆိုတာက ပြသနာပါ..။ တစ်မိနစ်လောက်ပဲ ကိုင်ထားရမယ်ဆိုရင် တော့ ဒါက ပြသနာမဟုတ်ပါဘူး..။ ဒါပေမယ့် တစ်နာရီလောက် ကြာမယ်ဆိုရင် ကျွန်တော် လက်မောင်းတွေ ကိုက်လာမယ်..။ တစ်ကယ်လို့ တစ်နေကုန်သာဆိုရင်တော့ ကျွန်တော့် လက်မောင်းထုံထိုင်းပြီး အကြောတွေ သေသွားမယ် ထင်ပါတယ်..။ ဒီလိုအချိန်မှာ ဖန်ခွက်ရဲ့အလေးချိန်ကတော့ ပြောင်းလဲမသွားပါဘူး..။ ကျွန်တော့် အတွက်သာ ကြာကြာကိုင်ရလေလေ..၊ ဖန်ခွက်က ပိုပြီးလေးလာ လေလေ ပါပဲ..။ "ဒီလိုပါပဲ..။ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ စိတ်ပင်ပန်းမှုတွေက ဖန်ခွက်ရဲ့ အလေးချိန်နဲ့ တူပါတယ်..။ ခဏလေးပဲ သူတို့အကြောင်းကို စဉ်းစားကြည့်ရင် ဘာပြသနာမှ မရှိပါဘူး..။ နည်းနည်း အချိန် ကြာကြာ စဉ်းစားမိတာနဲ့ သင့်ကို သူတို့ ဒုက္ခစပေးပါလိမ့်မယ်..။ နောက်ဆုံး တစ်နေကုန်သာ စဉ်းစားနေမယ် ဆိုရင်တော့ သင် စိတ်ဓါတ်တွေကျပြီး ဘာအကြံဥာဏ်မှ မထွက်ပဲ ဘာမှ မလုပ်တတ်တော့ပဲ ဖိအားတွေ အောက် ကျရောက်သွားတတ်ပါတယ်..။ ဖိအားတွေကို လွှင့်ပစ်လိုက်ဖို့ အရေးကြီးပါတယ်..။ ညနေခင်း ရောက်ပြီဆိုတာနဲ့ သင့်မှာရှိတဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ ဖိအားတွေ အလုပ်အကြောင်းတွေကို မေ့ထားလိုက်ပါ..။ ညစာစားချိန်၊ ညအိပ်ယာဝင်တဲ့အချိန်ထိ ဒါတွေကို မသယ်ထားပါနဲ့..။ ဖန်ခွက်ကို အောက်ကို ချဖို့ သတိရပါ..။

ပျော်ရွှင်မှုကို ရှာဖွေခြင်း

လူ (၅၀) ဦးခန့်ဟာ ခန်းမ တစ်ခုထဲမှာ ဟောပြောပွဲတစ်ခုကို တက်ရောက်နေပါတယ်..။ ဟောပြော သူက ရုတ်တရက် စကားပြောတာကို ရပ်လိုက်ပြီး လူတစ်ယောက်ကို အရောင်တူ ဘောလုံး တစ်လုံး ဆီ ဝေငှပေးလိုက်ပါတယ်..။ ပြီးတော့ marker pen တစ်ချောင်းဆီပေးပြီး သူတို့ရဲ့ နာမည်တွေကို ဘောလုံးတွေပေါ် ရေးခိုင်းလိုက်ပါတယ်..။ ပြီးတော့ သူဟာ ဘောလုံးတွေကို ပြန်လည် သိမ်းယူလိုက် ပြီး အခန်းတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်..။ သူဟာ ဟောပြောပွဲ တက်ရောက်လာတဲ့ လူ (၅၀) ကို အခန်းထဲ ထည့်ထားတဲ့ ဘောလုံးတွေထဲက မိမိနာမည်ရေးထားတဲ့ဘောလုံးကို အချိန် ၅ မိနစ်အတွင်း ရှာယူလာဖို့ပြောပါတယ်..။ သူတို့ဟာ အားကြိုးမာန်တက်နဲ့ အရောင် တူဘောလုံးတွေ ကို မွှေနှောက်ရှာဖွေကြပါတယ်..။ ဒါပေမယ့် အချိန် ၅ မိနစ်ပြည့်သည့်တိုင်အောင် သူတို့ရဲ့ နာမည်နဲ့ ဘောလုံးကိုတော့ မရှာနိုင်ခဲ့ကြပါဘူး..။ အဲ့ဒီနောက်မှာ ဟောပြောသူက လူ (၅၀) ထဲမှ တစ်ဦးကို ခေါ်လိုက်ပြီး ကျရာ ဘောလုံးကို ကောက် ခိုင်းလိုက်ပါ တယ်..။ ပြီးတော့ ဘောလုံးပေါ်မှာ ရေးထားတဲ့ နာမည်ကို အော်ပေးပြီး ပိုင်ရှင်ဖြစ်သူကို ပေးလိုက်ပါတယ်..။ ၅ မိနစ်မပြည့်ခင်မှာပဲ လူတိုင်းဟာ သူတို့နာမည်နဲ့ ဘောလုံးတွေ ကိုယ်စီ ရရှိ နေပါပြီ..။ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ရဲ့ ဘ၀မှာ နေ့စဉ် ဖြစ်ပျက်နေတာနဲ့ အတော့်ကို ဆင်တူပါတယ်..။ လူတိုင်းဟာ သူတို့ရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေအတွက် ကြိုးစားပမ်းစား ရှာဖွေကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နေရာမှာ ရှာဖွေတွေ့နိုင်လဲဆိုတာမသိကြပါဘူး..။ အစစ်အမှန် ပျော်ရွှင် မှုဆိုတာ တစ်ခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှု အပေါ်မှာ မူတည်ပါတယ်..။ သူတို့အတွက် ပျော်ရွှင် မှုကို သင်ဖြည့်ဆည်းပေးလိုက်ပါ..။ သင့်အတွက် ပျော်ရွှင်မှုများ မလွဲမသွေ ပြန်ရောက်လာပါလိမ့်မယ်။

တိတ်ဆိတ်ခြင်း

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။ သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။ ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။ ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။ လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။ လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။ ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို သတိထား နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."

နားမကြားတဲ့ဖား

ဖားအုပ်စု တစ်စုဟာ တောနက်ကြီးတစ်ခုကို ဖြတ်သန်းရင်း ခရီးထွက်ခဲ့ကြပါတယ်။ ဒီအုပ်စုထဲက ဖားနှစ်ကောင်ကတော့ ကံဆိုးပြီး ချိုင့်တွင်းနက်ကြီး တစ်ခုထဲကို ကျသွားခဲ့ပါတယ်။ တခြားဖားတွေဟာ ချိုင့်တွင်းကြီးက အလွန်နက်တာကို သိလိုက်တာမို့ ကျသွားတဲ့ ဖားနှစ်ကောင်ကို ကြည့်ပြီး “သူတို့တွေ သေတာပဲကောင်းတယ်”လို့ ပြောကြပါတယ်။ ဒီဖားနှစ်ကောင်ကတော့ ပြောတာတွေကို ဂရုမစိုက်ဘဲ သူတို့မှာရှိတဲ့ စွမ်းအားတွေ ထုတ်သုံးပြီး တွင်းထဲကနေ ခုံထွက်ဖို့ ကြိုးစားကြပါတယ်။ တွင်းပေါ်က ဖားတွေကတော့ ရပ်တန့်နေဖို့နဲ့ သေတာကမှ ကောင်းသေးတယ်လို့ပဲ ဆက်တိုက်ဆိုသလို အော်ပြောနေကြပါတယ်။ နောက်ဆုံးတော့ ဖားတစ်ကောင်ဟာ တွင်းပေါ်က ဖားတွေ ပြောတာတွေကို နားစိုက်မိလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်ဓာတ်ကျ လက်လျှော့လိုက်တာမို့ ပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။ ကျန်ဖားတစ်ကောင်ကတော့ အတတ်နိုင်ဆုံး အပြင်းအထန်ကြိုးစားပြီး ခုန်ထွက်ဖို့ကိုပဲ မနားမနေ ပြုလုပ်နေပါတယ်။ ဖားအုပ်စုကတော့ သူကိုကြည့်ပြီး ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ဖို့နဲ့ သေလိုက်ဖို့သာ အော်ပြောနေကြတယ်။ နောက်ဆုံးမှာ အစွမ်းကုန် ခုန်လိုက်တာမို့ တွင်းအပြင်ကို ထွက်လာနိုင်ခဲ့ပါတော့တယ်။ အပြင်ကိုရောက်တော့ တခြားဖားတွေက “ငါတို့ပြောတာ မင်းမကြားဘူးလား” လို့ ဝိုင်းမေးကြပါတယ်။ သူဟာ နားထိုင်းနေကြောင်း ဖားတွေကို ရှင်းပြလိုက်ပါတယ်။ တွင်းထဲမှာတုန်းက ဖားအုပ်စုကြီးဟာ သူကို ခုန်ထွက်နိုင်ဖို့ အော်ဟစ်အားပေးနေကြတာပဲလို့ ထင်နေခဲ့တာကြောင့် အစွမ်းကုန်ကြိုးစားပြီး ထွက်ခဲ့ခြင်းဖြစ်ပါတော့သည်။

Monday, August 10, 2015

ရေထမ်းရင်းနဲ့ပိုက်ဆက်

တစ်ခါက ရွာတစ်ရွာမှာရေအလွန်ရှားသတဲ့။ ရွာသူ ရွာသားတွေဟာရေရဖို့အတွက် ဟိုးအဝေးကြီးက ရေကန်မှာရေသွားခပ်ကြရတယ်။ လူတိုင်းဟာကိုယ်သုံးဖို့ကိုယ့်ဘာသာသွားခပ်ရတာကြာတော့ ပင်ပန်းပြီး အချိန်တွေကုန်ကြတယ်။ တစ်နေ့အားလုံးတိုင်ပင်ပြီး အခကြေးငွေနဲ့ အားလုံးကိုယ်စားရေခပ်မယ့် အလုပ်လုပ်ဖို့ လူနှစ်ယောက်ကိုရွေးချယ်လိုက်တယ်။ ဒီလူနှစ်ယောက်ဟာ ဝေးလံလှတဲ့ရေကန်ကရေကိုခပ်ပြီး ရွာထဲမှာရှိတဲ့ အိမ်တွေကို အခကြေးငွေယူပြီး ပေးဝေရမှာဖြစ်တယ်။ ရေသယ်ယူရောင်းချခွင့်ရသွားတဲ့ လူနှစ်ယောက်ထဲက ပထမတစ်ယောက်ဟာ ရေပုံးနှစ်ပုံးကိုချက်ချင်းပြေးဝယ်ပြီး ရေကန်ကို သွားကာ ကိုယ်တိုင်ရေထမ်းပြီး ရွာထဲက အိမ်တွေကို လိုက်ရောင်းပါတော့တယ်။ ဒုတိယတစ်ယောက်လည်း ရေပုံးနှစ်ပုံးကိုဝယ်ပြီး ရေကန်ကိုသွားခပ်ကာ ရွာထဲက အိမ်တွေကိုရောင်းချပါတယ်။ တစ်ရွာလုံးမှာ ရေခပ်ရောင်းတဲ့အလုပ်ကို သူတို့နှစ်ယောက်ပဲ လုပ်ရတဲ့အတွက် အချိန်တိုအတွင်းမှာပဲ ဝင်ငွေကောင်းလာပြီးအဆင်ပြေလာကြတယ်။ ပထမလူအတွက်တော့ ရေထမ်းလိုက် ရတဲ့ဝင်ငွေတွေသုံးလိုက် ကောင်းကောင်းစား ကောင်းကောင်းဝတ် ပျော်လိုက်ရွှင်လိုက်နဲ့ လောကကြီးဟာ လှပနေတယ်။ အဲ့ဒီအချိန်မှာ ဒုတိယလူဟာလည်း ရေထမ်းရောင်းပြီးဝင်ငွေကောင်းနေတယ်။ ဒါပေမယ့် သူစဉ်းစားမိ တာက သူမထမ်းနိုင်တဲ့အချိန်မှာ ငွေလဲရတော့မှာမဟုတ်ဘူး ဘယ်လိုလုပ်မလဲ ဆိုတဲ့အချက်ပဲ။ ဒါနဲ့သူဟာ တစ်ရက်မှာ နားပြီး မြို့ကိုတက်သွားတယ် ပြန်လာတော့ ရေပိုက်တစ်ချောင်းပါလာတယ်။ ဒီလိုနဲ့ သူရတဲ့ဝင်ငွေ တွေကို မသုံးဖြုန်းပစ်ဘဲ ရေပိုက်တွေဝယ်လိုက်၊ ရေထမ်းသွားတိုင်း ဝယ်ထားတဲ့ ပိုက်တစ်ချောင်းကို ရေကန်ဆီကိုယူသွားပြီး ဆက်လိုက်နဲ့ ရေထမ်းရင်းပိုက်ဆက်တဲ့အလုပ်ကို လုပ်နေတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ ပထမလူဟာ ရေထမ်းပါများတော့ ခါးတွေနာလာတယ်၊ ဒဏ်ဖြစ်လာ တယ်၊ ကျန်းမာရေးမကောင်းတော့ဘူး။ ရေသိပ်ပြီးမထမ်းနိုင်တော့ ဝင်ငွေပါနည်းလာတယ်။ နောက်ဆုံး အဆင်မပြေဖြစ်ပြီး ရေထမ်းတဲ့အလုပ်ကိုပါမလုပ်နိုင်တော့ဘူး။ အရင်ကဝင်ငွေကောင်းတုန်းက ရှိထားခဲ့တဲ့ ငွေတွေဟာတစ်ဖြည်းဖြည်း လုံးပါးပါးလာတယ်။ အဲ့ဒီအချိန်မှာ ဒုတိယလူဟာ ရေထမ်းမရောင်းရတော့ဘူး။ သူဆက်ထားခဲ့တဲ့ပိုက်တွေဟာ တစ်ရွာလုံး ဆီကိုရောက်နေပြီး ရေကန်နဲ့ရွာဆီကို ရေသွယ်ရောင်းတဲ့ လုပ်ငန်းကို မပင်မပန်းအေးဆေးလုပ်ကိုင်ပြီး ကြီးပွားချမ်းသာလာသတဲ့။

စိတ်ထားနဲ့တန်တဲ့ လက်ဆောင်

တစ်ခါက တကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေး တစ်ခုရှိတယ် ။ နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု မှာ ကျွမ်းကျင်တဲ့ လက်သမား ဆရာကြီး တစ်ယောက် ရှိတယ် ။ ကုမ္ပဏီက အရေးကြီးတဲ့ အဆောက်အဦ တွေ ဆိုရင် သူ့ကိုပဲ အားကိုးပြီး ဆောက်ခိုင်းလေ့ရှိတယ် ။ လက်သမား ဆရာကြီးဟာ နှစ်ပေါင်းများစွာ အိမ်ဆောက်ခဲ့တဲ့ အလုပ်ကို လုပ်ခဲ့တာကြောင့် ငြီးငွေ့လာတယ် ၊ အလုပ်ကနေ အနား ယူချင်လာတယ် ။ အသက်ကလည်း ကြီးလာတာကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဌ ထံ အလုပ်ထွက်ခွင့်တောင်းတယ် ။ အဲ့ဒီအခါမှာ ဥက္ကဌ က လက်သမား ဆရာကြီး ကိုပြောတယ် ကျွန်တော်တို့ ကုမ္ပဏီကို နောက်ဆုံး အနေနဲ့ အကောင်းဆုံး အိမ် တစ်လုံး ကို ဆောက်ပေးပါဦး လို့ ပြော လိုက်တယ် ။ အဲ့ဒီ အိမ် ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်း နှင့် ငွေကြေး ကို လာထုတ်ပါလို့ မှာလိုက်တယ် ။ လက်သမား ဆရာကြီးက အိမ်ဆောက်ရတဲ့ အလုပ် ကို မလုပ်ချင်တော့ဘူး ၊ ဒါကြောင့် သူဟာ စိတ်မပါ ပဲနဲ့ မဆောက်ချင်တဲ့ အိမ်တစ်လုံး ကို ဆောက်နေရတယ် ။ သူ့ ဘဝ တစ်လျှောက်လုံး အကောင်းဆုံး အိမ်တွေကိုပဲ ဆောက်ပေးခဲ့တယ် ၊ ဒီလို ဆောက်ပေးခဲ့တာကြောင့် သူတို့အလုပ် မှ အနားမပေးချင်တာ ဖြစ်တယ် ။ ဒီတစ်ခါဆောက်ရင် အညံ့ ဆုံး အိမ် ကိုပဲ ဆောက်မယ်လို့ ဆုံးဖြတ်ပြီး အညံ့ဆုံး ပစ္စည်းတွေကိုပဲ သုံးတယ် ။ ဒီလို မကောင်းတဲ့ အိမ် ကို ဆောက်ပေးလိုက် မှပဲ ငါ့ကို သူတို့အနား ပေးတောမှ ၊ ဒါမှ ငါလည်း အနားယူရတော့ မှာ လို့တွေးပြီး အိမ် ကို ဖြစ်သလို ဆောက် လိုက်ပါတယ် ။ အိမ် ဆောက်ပြီးတော့ ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဌ ထံ အိမ်သော့ သွားအပ်ပေးလိုက်တယ် ။ နူတ်ဆက်ပြီး အိမ်ပြန်မယ် လုပ်တော့ ကုမ္ပဏီ ဥက္ကဌ က လက်သမားဆရာကြီး ခဏနေပါဦး လို့ ပြောလိုက်တယ် ။ လက်သမားဆရာ က `` ဘာလဲ ! ကျွန်တော့ ကို နောက်ထပ် အိမ် တစ်လုံး ဆောက်ခိုင်း ဦးမလို့လား ၊ ကျွန်တော် ထပ်မလုပ်နိုင်တော့ဘူး လို့ ´´ ပြတ်ပြတ်သားသားပြောလိုက်တယ် ။ ဥက္ကဌ က ဆရာကြီး ထင်သလို မဟုတ်ပါဘူး ၊ ဆရာကြီးက ကျွန်တော်တို့ ကုမ္ပဏီ အတွက် အလွန်ပဲ အားကိုးရတဲ့ လူ ဖြစ်ပါတယ် ၊ ဆရာကြီးရဲ့ လက်ရာကောင်းတွေကြောင့် ကျွန်တော်တို့ ကုမ္ပဏီဂုဏ်သိက္ခာ လည်း မြင့်မား ခဲ့ရတယ် ၊ ဒီကျေးဇူးတွေကို ဆပ်ချင်တဲ့ အတွက်ကြောင့် `` ရော့ ! ယခု ဆောက်ခဲ့တဲ့ အိမ် ကို လက်သမား ဆရာကြီးကို လက်ဆောင် ပေးပါတယ် ´´ လို့ ပြောလိုက်ပါတယ် ။ `` ဒီသော့ ကို လက်သမား ဆရာကြီး ကို လက်ဆောင် ပေးပါတယ် ၊ အခုနောက်ဆုံး အိမ် ဟာ လက်သမား ဆရာကြီး နဲ့ အထိုက်တန်ဆုံး အိမ် ပဲ ´´ လို့ ပြောလိုက်ပါတော့တယ်။

ကျောက်ဖျာပေါ်စပါးစိုက်

တစ်ခါက လူငယ်လေး တစ်ယောက်ဟာ မိဘတွေဆုံးသွားပြီးနောက် လယ်ကွက်တစ်ကွက်ကို အမွေရ လိုက်သတဲ့။ လယ်ကွက်ဟာဘာအပင်မှ စိုက်ပျိုးလို့မရတဲ့ ကျောက်သားအတိဖြစ်နေတဲ့ ကျောက်ဖျာကြီး ဖြစ်နေသတဲ့။ လူငယ်လေးဟာ စပါးတွေတောင်းထဲထည့် သူပိုင်တဲ့ကျောက်ဖျာပေါ်မှာ စပါးစေ့တွေကို စိုက်ဖို့ မျိုးကြဲသတဲ့။ အဲ့ဒါကိုတွေ့တဲ့ သူတွေက “မင်းအကျိုးမရှိတာတွေလုပ်နေတယ် အလကားပဲ မြေကြီးမရှိတဲ့ ကျောက်ဖျာပေါ်မှာ စပါးကြဲလို့ ဘယ်လိုလုပ် အပင်ပေါက်မှာလဲ” ဆိုပြီး လူငယ်လေးကိုပြောကြသတဲ့။ လူငယ်လေးက ဘာမှပြန်မပြောဘဲ စပါးတစ်တောင်းယူပြီး သူပိုင်တဲ့လယ်ကွက် ကျောက်ဖျာပေါ်ကိုသွား ကြဲသတဲ့။ လူတွေက လည်း ကျောက်ဖျာပေါ် သူသွားပြီး မျိုးကြဲတိုင်းပြောကြသတဲ့။ လူငယ်လေးက ဒါတွေကိုဂရုမပြုပဲ သူလုပ်စရာ ရှိတဲ့တစ်နေ့တစ်ခါ မျိုးစပါးကြဲတဲ့အလုပ်ကိုလုပ်သတဲ့။ နေ့စဉ် သူကြဲထားတဲ့ကျောက်ဖျာပေါ်က စပါးစေ့ လေးတွေကို ငှက်ကလေးတွေ လာလာပြီး စားကြသတဲ့။ ငှက်ဆိုတဲ့ တိရစ္ဆာန်တွေဟာ ဘယ်နေရာမှာ အစာစားပြီး ဘယ်နေရာမှာ မစင်စွန့်ရမယ်ဆိုတဲ့ အသိမရှိကြပါဘူး။ ဒါကြောင့် စပါးတွေစားလိုက် မစင်တွေ စွန့်လိုက်နဲ့ ကြာလာတဲ့အခါ ကျောက်ဖျာပေါ်မှာ မစင်တွေနဲ့ပြည့်လာပြီး မြေဆီလွှာဖြစ်လာသတဲ့။ တစ်နေ့ လူငယ်လေးဟာ နေ့စဉ်လုပ်နေကြအတိုင်း စပါးတွေကိုကြဲထားပြီး အိမ်ပြန်သွားသတဲ့။ အဲ့ဒီနေ့မှာပဲ မိုးတွေရွာပြီး နောက်တစ်နေ့မနက်မှာ ကျောက်ဖျာပေါ်က သူကြဲထားတဲ့ စပါးစေ့တွေဟာ အပင်တွေပေါက်လာသတဲ့။ လူငယ်လေးပိုင်တဲ့ ကျောက်ဖျာကြီးပေါ်မှာ စပါးတွေပေါက်နေတာ တွေ့တော့ ကဲ့ရဲ့ပြစ်တင်ပြောဆိုခဲ့တဲ့သူတွေဟာ အံ့သြသွားကြသတဲ့။

မာစီဒီးကား ၅၀၀၀ နှင့်ရောင်းရန်ရှိသည်

တစ်ခါက လူသွားလူလာထူထပ်တဲ့ လမ်းမကြီးတစ်ခုရဲ့ဘေးက အိမ်ကြီးတစ်လုံးရဲ့ ခြံစည်းရိုးမှာ ကြော်ငြာဆိုင်းဘုတ်တစ်ခု ချိတ်ထားသတဲ့။ အဲ့ဒီဆိုင်းဘုတ်မှာ “မာစီဒီးကား ၅၀၀၀ နှင့် ရောင်းရန်ရှိသည်” လို့ ရေးထားသတဲ့။ လမ်းပေါ်လျှောက်လာတဲ့ လူတစ်ယောက်ဟာ အဲ့ဒီ ဆိုင်းဘုတ်ကိုမြင်သွားသတဲ့။ အဲ့ဒီလူဟာ ဆိုင်းဘုတ်ကို ဖတ်ကြည့်ပြီး “မဖြစ်နိုင်တာ” လို့ရေရွတ်ပြီးဆက် လျှောက်သွားတယ်။ နောက်လူတစ်ယောက် အိမ်နားကိုရောက်လာတယ် ဆိုင်းဘုတ်ကိုမြင်တော့ ဖတ်ကြည့်တယ်။ “ဘယ်သူတွေနောက်ထားလဲမသိဘူး” လို့ရေရွတ်ပြီးထွက်သွားပြန်တယ်။ ဖြတ်လျှောက်သွားတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုင်းဘုတ် ကိုကြည့်ပြီး မယုံကြည်စွာနဲ့ပဲ ရေရွတ်ပြီး ဆက်လျှောက်သွားကြသတဲ့။ ဒီဆိုင်းဘုတ်ကိုမြင်တဲ့လူပေါင်းများစွာ ဖြတ်ကျော်လျှောက်သွားပြီးတဲ့ နောက်မှာ အိမ်ရှေ့ကို လူငယ်လေးတစ်ယောက် ရောက်လာသတဲ့။ လူငယ်လေးဟာ ခြံစီးရိုးမှာချိတ်ထားတဲ့ ဆိုင်းဘုတ်ကို သေသေ ချာချာဖတ်ကြည့်ပြီး သူ့စိတ်ထဲမှာ မဖြစ်နိုင်ဘူးလို့တွေးတယ်။ ဒါပေမယ့် သူစဉ်းစားတယ်။ အိမ်ရှင်ဟာ ဆိုင်းဘုတ်ကို အကြောင်းမဲ့တော့ချိတ်ဆွဲထားမှာမဟုတ်ဘူး ဝင်မေးကြည့်လိုက်ရင်တော့ အကျိုးအကြောင်း သိရမှာပဲ ငါ့အတွက်လဲဘာမှဆုံးရှုံးထိခိုက်သွားတာမဟုတ်ပါဘူးလေ ဆိုပြီး ခြံစီးရိုးတံခါးလေးကို တွန်းဖွင့်ကာ ဝင်သွားသတဲ့။ အိမ်ရှေ့မှာအဖွားကြီးတစ်ယောက်ထိုင်နေတာကိုတွေ့တယ်။ အဖွားကြီးကိုမေးလိုက်တယ်။ “အဖွား ခြံရှေ့မှာရေးထားတဲ့ မာစီဒီးကား ၅၀၀၀ နှင့်ရောင်းရန်ရှိသည်” ဆိုတာတကယ်လားဗျ။ အဖွားကြီးက ကောင်လေးကိုတစ်ချက်ကြည့်ပြီး “တကယ်ပေါ့ မင်းကဝယ်မလို့လား”။ ကောင်လေးက အံ့သြစွာနဲ့ “ဟာ တစ်ကယ်ဆို ကျွန်တော်ဝယ်မှာပေါ့ ကျွန်တော့်မှာ ၅၀၀၀ ပါတယ်။ အဖွားကြီးကပြန်ပြောတယ် “အေး ဒါဆိုငါ ရှေ့နေကိုခေါ်လိုက်မယ် အရောင်းအဝယ်စာချုပ်ချုပ်ရအောင်”။ ကောင်လေးက စဉ်းစားတယ် “ဒီအဖွားကြီး တစ်ကယ်ရောင်းမယ့်ပုံပဲ ကားက ၅၀၀၀ တောင်မှမတန်တဲ့ အစုတ်ကြီးများဖြစ်နေမလား” ဆိုပြီး ကားကိုကြည့်လို့ရမလားလို့ မေးလိုက်တယ်။ အဖွားကြီးက “အေး မင်းကြည့်ချင်ရင် ဂိုထောင်ထဲသွားကြည့်” လို့ပြောလိုက်တယ်။ ကောင်လေး ခပ်သုတ်သုတ် သွားကြည့်တယ်။ တကယ့် မာစီဒီးကား အသစ်ကြီး။ အဖွားကြီးဆီချက်ချင်းသွားတယ်။ “အဖွား ကျွန်တော်ဝယ်မယ် ရှေ့နေခေါ်တော့”။ ခဏနေတော့ ရှေ့နေရောက်လာ၊ စာချုပ်ချုပ်၊ အဖွားကြီးကို ၅၀၀၀ ပေး၊ အဖွားကြီးက ကောင်လေးကိုကားသော့ ပေးလိုက်တယ်။ ကောင်လေးကအံ့သြစွာနဲ့ ကားသော့ကိုလက်ထဲမှာကိုင်ပြီး အဖွားကြီးကိုသေချာ စိုက်ကြည့်တယ်။ “ဒီအဖွားကြီးစိတ်မှနှံ့သေးရဲ့လား”။ အဖွားကြီးက ကောင်လေးကိုအကဲခတ်နေရင်း မေးလိုက်တယ်။ “ကောင်လေး မင်း ဒီကားကိုငါဘာ့ကြောင့် ၅၀၀၀ နဲ့ရောင်းရတာလဲ သိချင်လား”။ ကောင်လေးကပြောတယ် “ဟာသိချင်တာပေါ့ အဖွားရာ”။ အဖွားကြီးက “အေး ငါ့ယောက်ျားဆုံးသွားတာ တစ်ပါတ်ရှိပြီ။ သူမဆုံးခင်မှာ သေတမ်းစာရေးခဲ့တယ် သူပိုင်တဲ့ ဒီ မာစီဒီးကားကို ရောင်းပြီးရတဲ့ ငွေတွေအားလုံးကို သူ့မယားငယ် အတွင်းရေးမှူးမလေးကို ပေးခဲ့ပါ ဆိုလို့ ငါက အဲ့ဒီမယားငယ်ကောင်မကို မသဒ္ဓါလို့ ၅၀၀၀ နဲ့ကားကိုရောင်းတာဟေ့” လို့ပြောလိုက်သတဲ့။

အာဖရိကမှာဖိနပ်ရောင်း

ဟိုးတုန်းက အာဖရိကမှာနေတဲ့ လူတွေဟာ ဖိနပ်မစီးကြဘူးတဲ့။ အမေရိကန်မှာရှိတဲ့ ဖိနပ် ကုမ္မဏီကြီး တစ်ခုဟာ အရောင်းမန်နေဂျာတစ်ယောက်ကို ဖိနပ်တွေဖြန့်ချီရောင်းချဖို့ အာဖရိကကို လွှတ်လိုက်သတဲ့။ အရောင်းမန်နေဂျာဟာ အာဖရိကကိုရောက်လို့ လေယာဉ်ဆိုက်ဆိုက်ခြင်းပဲ အခြေအနေမကောင်းဘူးဆိုတာ သိလိုက်သတဲ့။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ကွင်းမှာရှိတဲ့ ဝန်ထမ်းတွေ၊ အရာရှိတွေ၊ စစ်သားတွေ၊ နဲ့ အခြားသူတွေအားလုံးဟာ ဘယ်သူမှဖိနပ်တွေမစီးကြလို့ပဲ။ “ဒီမှာဘယ်သူမှဖိနပ်မစီးကြဘူး ငါဒီနိုင်ငံမှာ ဖိနပ်တစ်ရံမှရောင်းရမှာမဟုတ်ဘူး ဆင်းပြီးလုပ်လဲ အလကားပဲ” လို့တွေးပြီး လေယာဉ်ပေါ်ပြန်တက် အမေရိက ကိုပြန်သွားသတဲ့။ နောက်ရက်အနည်းငယ်ကြာတော့ အမေရိကန်မှာရှိတဲ့ အခြားဖိနပ် ကုမ္မဏီကြီးတစ်ခုကလဲ သူ့ရဲ့ အရောင်းမန်နေဂျာတစ်ယောက်ကို ဖိနပ်တွေဖြန့်ချီဖို့ အာဖရိကကို လွှတ်ပြန်သတဲ့။ အင်မတန်မှကျွမ်းကျင်ပါးနပ် တဲ့အရောင်းမန်နေဂျာဟာ အာဖရိကရောက်လို့လေယာဉ်ပေါ်က ဆင်းဆင်းခြင်း ဒီနိုင်ငံမှာ ဖိနပ်တွေ ဖြန့်ချီ ရောင်းချဖို့ အင်မတန်မှအခြေအနေကောင်းတယ်ဆိုတာကို သိတာနဲ့တစ်ပြိုင်နက်တည်း သူ့ရဲ့ ကုမ္မဏီကိုချက်ခြင်းဖုန်းဆက်ပြီး ကုမ္မဏီခွဲ အမြန်ဆုံးဖွင့်ဖို့အကြောင်းကြားသတဲ့။ သူဟာ အာဖရိကမှာ ရှိတဲ့လူတိုင်းကို ဖိနပ်တွေအကြောင်းကို ပြောပြသတဲ့။ “ဖိနပ်ဆိုတာ ခြေဖဝါးကိုမထိခိုက်အောင် ကာကွယ်ပေးတယ်၊ စီးထားရင် ဆူးတွေမဆူးဘူး မနာဘူး၊ မပူဘူး၊ ဒဏ်ရာအနာတရတွေမဖြစ်ဘူး၊ လမ်းကြာကြာလျှောက်နိုင်တယ်” ဆိုတဲ့ အသိတွေ ကိုပေးတယ်။ အရင်က ဖိနပ်မရှိ ခြေဗလာနဲ့ ဝေးဝေးမသွားနိုင်၊ ဆူးစူး၊ ထိခိုက်ဒဏ်ရာ မကြာခဏရနေကြတဲ့ အာဖရိကတစ်နိုင်ငံလုံးမှာရှိတဲ့သူတွေဟာ ဖိနပ်တွေကို ဝယ်စီးလာကြသတဲ့။ အဲ့ဒါနဲ့ပဲ နောက်ရောက်လာတဲ့ ဖိနပ် ကုမ္မဏီဟာ အာဖရိကမှာ အကြီးအကျယ် အောင်မြင်သွားပါတော့တယ်။ ----------------------------------------------------- အခွင့်အရေးတွေရနေပေမယ့် အခွင့်အလမ်းကို မြင်နိုင်မှ အောင်မြင်မှုရမှာပါ။ မန်နေဂျာနှစ်ယောက်လုံးဟာအာဖရိကမှာဖိနပ်ရောင်းချဖို့ တူညီတဲ့အခွင့်အရေးတွေရခဲ့ပေမယ့် နောက်မှရောက်လာတဲ့ မန်နေဂျာကပဲအခွင့်အလမ်းကိုမြင်ပါတယ်။

ဆား နဲ့ ရေ

တစ်ခါက ဆရာတပည့်နှစ်ယောက်ဟာ ညနေခင်းတစ်ခုမှာ စကားပြောနေကြတယ်။ တပည့်ဖြစ်သူဟာ ဆရာကပြောတဲ့စကားတစ်ခွန်းကြောင့်မကျေမနပ်ဖြစ်နေတယ်။ ဒါကို ပြဿနာတစ်ခုလိုသဘောထားပြီး စိတ်ကောက်နေတယ်။ ဆရာကဒါကိုသိနေတယ်။ ဆရာကတပည့်ကိုအိမ်ထဲခေါ်သွားတယ် မီးဖိုခန်းထဲမှာ ဆားလက်တစ်ဆုပ်နဲ့ ဖန်ခွက်တစ်ခွက်ယူခိုင်းလိုက်တယ်။ ဖန်ခွက်ထဲကိုရေထည့် ပြီးဆားလက်တစ်ဆုပ်ကို ထည့်ခိုင်းတယ်။ ပြီးတော့တပည့်ကို ဖန်ခွက်ထဲက ဆားထည့်ပြီးမွှေထားတဲ့ရေကို နည်းနည်းသောက်ကြည့်ခိုင်းတယ်။ ပြီတော့ဘယ်လိုအရသာရှိလဲမေးတယ်။ တပည့်ကနဲနဲသောက်ကြည့်ပြီး ပြောတယ် “ငန်တူးနေတာပဲဗျာ” ဆရာက တပည့်ကို မီးဖိုချောင်ထဲမှာဆားလက်တစ်ဆုပ်နဲ့ဖန်ခွက် ယူခိုင်းပြီး အိမ်ပြင်ခေါ်သွားပြန်တယ်။ ရေကန်ကြီးတစ်ကန်ကိုရောက်တော့ ဆရာကတပည့်ကို လက်ထဲကဆားတွေကိုရေကန်ထဲချပြီးမွှေလိုက်ဖို့ပြောတယ်။ ပြီတော့ ဖန်ခွက်နဲ့ခပ်ပြီးသောက်ဖို့ပြောတယ်။ တပည့်ကလည်းဆရာခိုင်းတဲ့အတိုင်းလုပ်တယ်။ ဆရာက မေးတယ် အရသာ ဘယ်လိုလဲ။ တပည့်ကပြောတယ် ကောင်းတယ်မငန်ဘူး။ အဲ့ဒီအခါ ဆရာက တပည့်ကို ရှင်းပြတယ်။ ပြဿနာဆိုတာ မင်းလက်ထဲကဆားတစ်ဆုပ်လိုပဲ။ ပမာဏအတူတူပဲ။ နည်းတယ်များတယ် ကြီးတယ်သေးတယ်မရှိဘူး။ ဒါပေမယ့် ခံယူတဲ့ ခွက်နဲ့ရေကန်လိုပဲ သဘောထားသေးသေးနဲ့ စိတ်မထားတတ်ဘူး ဘူးဆိုရင် ဖန်ခွက်သေးသေးထဲထည့် လိုက်သလို ငန်တူးပြီးခါးနေလိမ့်မယ်။ ရေကန်ကြီးကြီးလိုသဘောထားပြီး စိတ်ထားမှန်မှန်နဲ့ခံယူတတ်မယ်ဆိုရင် ငန်တာခါးတာတွေမရှိပဲ သောက်လို့ကောင်းတဲ့ရေချိုပဲဖြစ်နေလိမ့်မယ်။

စိတ်ထား

တစ်ခါကသူငယ်ချင်း နှစ်ယောက်ဟာ သဲကန္တာရတစ်ခုကိုဖြတ်ပြီး ခရီးနှင်လာကြသတဲ့။ ကန္တာရအလယ် တစ်နေရာကိုရောက်တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်စကားများကြရာကနေ သူငယ်ချင်းတစ်ယောက်က တစ်ခြားတစ်ယောက်ကို ဒေါသထွက်ပြီးပါးရိုက်လိုက်တယ်တဲ့။ ပါးရိုက်ခံရတဲ့ သူငယ်ချင်းဟာ တော်တော်နာကျင်သွားပြီး ဝမ်းနည်းစွာနဲ့ပဲ သဲပြင်ပေါ်မှာ "ဒီနေ့ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့ကိုနာကျင်အောင်လုပ်တယ်" လို့စာရေးလိုက်သတဲ့။ နောက် သူငယ်ချင်းနှစ်ယောက်ဟာ ဆက်လက်ပြီးခရီးထွက်လာကြတယ်။ လျှောက်ရင်းလျှောက်ရင်းနဲ့ သူတို့ဟာ အိုအေစစ် တစ်ခုကိုတွေ့ပြီး အဲ့ဒီမှာ အနားယူကြတယ်။ အဲ့ဒီအချိန်မှာ ပါးအရိုက်ခံရတဲ့ သူငယ်ချင်းဟာ အိုအေစစ် အတွင်းမှာရှိတဲ့ ရေကန်ထဲကို ရေကူးဖို့ခုန်ချလိုက်တဲ့အခါမှာ ကံမကောင်းစွာနဲ့ပဲ ရေအိုင်က နွံတွေထဲကိုနစ်သွားသတဲ့။ နွံတွေထဲမှာနစ်နေတဲ့ ရုန်းမထွက်နိုင်တဲ့ သူငယ်ချင်းကို အသက်ဘေးကလွတ်အောင်လို့ ပါးရိုက်လိုက်တဲ့သူငယ်ချင်းဟာ ချက်ချင်းလာပြီး ကယ်တင်လိုက်တယ်။ ပါးရိုက်ခံရတဲ့သူငယ်ချင်းဟာ ရေနစ်ပြီးသေလုမျောပါးဖြစ်နေရာကနေ ပြန်ကောင်းလာတဲ့အခါ ကျောက်တုံးကြီးတစ်တုံးပေါ်မှာ "ဒီနေ့ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းကငါ့အသက်ကိုကယ်လိုက်တယ်" လို့စာရေးလိုက်သတဲ့။ ပါးလည်းရိုက်ပြီး အသက်ကိုပါကယ်တင်လိုက်တဲ့ သူ့ရဲ့အကောင်းဆုံး သူငယ်ချင်းဟာ "ငါမင်းကိုနာကျင်အောင်လုပ်တော့ မင်းသဲပြင်ပေါ်မှာစာရေးပြီး ခုမင်းဘာလို့ ကျောက်တုံးပေါ်မှာရေးရတာလဲ?" လို့မေးလိုက်သတဲ့။ အဲ့ဒီအခါ ရေနစ်ခဲ့တဲ့သူငယ်ချင်းက "တစ်ယောက်ယောက်ကငါတို့ကို နာကျင်အောင်လုပ်တဲ့အခါမှာ အဲ့ဒီအကြောင်းတွေကို သဲပြင်ပေါ်မှာရေးသားသင့်တယ် ဒါမှ ခွင့်လွှတ်ခြင်းလို့ခေါ်တဲ့ လေပြေညှင်းက တိုက်ခတ်ပြီး နာကျင်မှုတွေကို ပျောက်ပျက်သွားအောင် လုပ်ပစ်လိုက်လိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့ကိုကောင်းတာလုပ်ပြီးကူညီပေးခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ကျေးဇူးတရားတွေကို အမှတ်ရနေဖို့အတွက် လေဘယ်လောက်တိုက်တိုက် မပျောက်ပျက်သွားနိုင်တဲ့ ကျောက်တုံးပေါ်မှာ ရေးထွင်းထားသင့်တယ်။" လို့ပြောလိုက်တယ်။ "ဘဝကိုဖြတ်သန်းတဲ့နေရာမှာ နာကျင်ခံစားရမှု့တွေကို သဲပြင်ပေါ်မှာရေးပြီး ကျေးဇူးတရားတွေကို ကျောက်တုံးပေါ်မှာရေးထွင်းတတ်အောင်သင်ယူပါ"

ပညာရှင်

တစ်ခါက အင်မတန်ကိုတော်ပြီး စဉ်းစားတွေးခေါ် တတ်တဲ့ပညာရှင်တစ်ယောက်ရှိသတဲ့။ သူဟာမြို့မှာ နေရတာမွန်းကျပ်တဲ့အတွက် ကျေးလက် ဒေသတစ်ခုကိုပြောင်းလာပြီး ရွာတစ်ရွာမှာနေခဲ့တယ်။ သူနေတဲ့ရွာ ပတ်ဝန်းကျင်မှာ ဝါးပင်တွေအများကြီး ပေါက်ပြီး သာယာလှပတယ်တဲ့။ သူဟာနေ့စဉ် မနက်လင်းတာနဲ့ ဝါးပင်တွေကို ကြည့်ပြီး သဘာဝပါတ်ဝန်းကျင်ကို လေ့လာတယ်။ ဒီလိုနဲ့သူဟာ ဝါးပင်တွေအကြောင်း သိလာတယ်၊ ကျွမ်းကျင်လာတယ်၊ ဝါးပန်းချီဆွဲတတ်လာတယ်၊ ဝါးပင်ရဲ့အလှအပကို ခံစားရေးဖွဲ့ထားတဲ့ ကဗျာ လင်္ကာတွေရေးဖွဲ့လာတက်တယ်၊ ဝါးပင်တွေအကြောင်း တစ်ဖက်ကမ်းခပ်တက်လာတယ်။ သူရေးဆွဲထားတဲ့ ဝါးပန်းချီကားတွေ၊ စာတွေ၊ ကဗျာလင်္ကာ တွေကိုမြို့ကိုတင်ပို့ပြီး ရောင်းချစေတယ်။ မြို့မှာနေတဲ့ သူဌေးသူကြွယ်တွေ ပိုက်ဆံချမ်းသာတဲ့အရာရှိကြီးတွေဟာ သူ့ရဲ့ဝါးပန်းချီကားတွေ၊ စာတွေ၊ ကဗျာလင်္ကာတွေကို တန်ဖိုးကြီးပေးပြီးဝယ်ကြပြီး အိမ်တွေမှာအလှချိတ်ကြသတဲ့။ ဒီလိုနဲ့ ပညာရှင်ဟာ ပန်းချီကားတွေ စာတွေ၊ ကဗျာ လင်္ကာတွေကို မြို့ကိုထပ်ပြီးတင်ပို့သတဲ့။ ဒီတစ်ခေါက်ကြတော့ မြို့မှာရှိကြတဲ့ သူဌေးသူကြွယ်တွေ ပိုက်ဆံ ချမ်းသာတဲ့အရာရှိကြီးတွေဟာ သူတို့မှာရှိပြီးဖြစ်တဲ့ အတွက်ထပ်မဝယ်ကြတော့ပဲ နေကြသတဲ့။ ဈေးကွက်ဟာသေသွားပြီး ဝယ်မယ့်သူတွေမရှိကြတော့ပါ။ သူ့ရဲ့ဖန်တီးမှု့ တွေမရောင်းချရ တဲ့အတွက် ပညာရှင်ဟာ ငွေကြေးခက်ခဲကျပ်တည်းပြီး ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။ တစ်ချိန်ထဲမှာပဲ ရွာထဲမှာရှိတဲ့ ပညာရှင် လောက် ဝါးပင်အကြောင်းကိုမသိသော မကျွမ်းကျင်သော ရွာသားတွေဟာ ဝါးပင်တွေကိုခုတ် တောင်းပလုံး၊ လူ့ အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ကာ မြို့ကိုတင်ပို့ ရောင်းချ နေကြတယ်တဲ့။ မြို့ကလူတွေအားလုံးဟာ ဝါးနဲ့လုပ်ထားတဲ့ တောင်းပလုံးတွေ အသုံးအဆောင် ပစ္စည်းတွေကိုဝယ်သုံး၊ သုံးပါများတော့ ဟောင်းနွမ်း ပျက်စီးသွားပြီး ပြန်ဝယ်သုံး၊ ဒီလိုနဲ့ ဈေးကွက်ဟာ အရှင်ဖြစ်လို့ အမြဲတမ်းရောင်းချနေရပြီး ရွာသားတွေဟာ ချမ်းသာလာကြသတဲ့။

ရေအိုးစင်

တစ်ခါက လူတစ်ယောက်ဟာ ခရီးသွားနေရင်းနဲ့ ရေအိုးစင်တစ်ခုကိုတွေ့တော့ ဝမ်းသာအားရနဲ့ ရေခပ်သောက်ဖို့ ရေအိုးအဖုံးကိုဖွင့်လိုက်တယ်။ ရေအိုးထဲမှာရေတစ်စက်မှရှိမနေတာကိုမြင်တဲ့အခါမှာ ဒေါသတကြီးနဲ့ဆဲရေးတိုင်းထွာပြီး ထွက်သွားတယ်။ လူတစ်ယောက်ရောက်လာပြန်တယ် ရေအိုးထဲမှာ ရေမရှိတာကို တွေ့တဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ ပြန်လှည့်ထွက်သွားတယ်။ နောက်လူတစ်ယောက်ရောက်လာတယ် ရေခပ်သောက်ဖို့အဖုံးဖွင့် လိုက်တဲ့အခါ ရေရှိမနေတာကိုတွေ့သွားတယ်။ ဒါနဲ့ဘေးဘယ်ညာကြည့်လိုက်တော့ ရေတွင်းတစ်တွင်းတွေ့သွားတယ် အဲဒါနဲ့ ရေတွင်းကိုသွား သူဘာသာ ဝအောင်သောက်ပြီး ထွက်သွားသတဲ့။ နောက်ထပ်လူတစ်ယောက်ရောက်လာတယ် ရေအိုးထဲမှာရေမရှိတာကိုတွေ့သွားတယ်။ ဘေးနားတစ်ဝိုက်ကြည့်လိုက်တဲ့အခါ ရေတွင်းနဲ့ရေပုံးတွေ့တယ် ဒါနဲ့ရေတွင်းဆီသွား ပုံးနဲ့ရေခပ်ပြီးတော့ ရေအိုးထဲဖြည့်လိုက်တယ် သူကိုယ်တိုင်လဲ အဝသောက်ပြီးဆက်လက်ထွက်ခွာသွားတယ်။ ပထမလူ ဒုတိယလူ တတိယလူ စတုတ္ထလူ * ပထမလူအမျိုးအစားက ခွေးအတွေနဲ့တူတယ်။ သူတို့တွေဟာ ရေရေရာရာနားလည်သဘောပေါက်အောင် မကြိုးစားဘဲ နည်းလမ်းကိုမရှာဘဲ အချောင်လိုချင်တတ်တယ်။ အလွယ်တကူလက်လျှောအရှုံးပေးတတ်တဲ့အပြင် သူအောင်မြင်အောင်မလုပ်နိုင်တဲ့ အရာကို အခြားသူပါ မလုပ်နိုင်ဘူးလို့ အထင်ရှိပြီး အခြားလူတွေရဲ့အောင်မြင်မှုကိုပါ ပိတ်ပင်တားဆီးတတ်ပါတယ်။ အကုသိုလ် အင်မတန်ကြီးတဲ့ အမျိုးအစားပေါ့။ အဲ့ဒီလိုလူတွေရဲ့ပါးစပ်ဖျားမှာ စိတ်ဓာတ်မခိုင်မာသူတွေ ဟာလမ်းဆုံးသွားတတ်ကြတယ်။ * ဒုတိယအမျိုးအစားကတော့ သိုးလေးတွေပေါ့ မျှော်လင့်ချက်နဲ့ရောက်လာပြီး အစွမ်းအစကလဲမရှိ ရှိအောင်လဲမလုပ် အချောင်မရတဲ့အခါ တိတ်တိတ်လေးပြန်ထွက်သွားကြတယ်။ တစ်ချို့ ခွေးအတွေစားတာခံလိုက်ရတယ်။ * တတိယလူက ? * စတုတ္ထလူက ?

လိပ်ပုံပြင်

တစ်ခါက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားခရီးထွက်ဖို့ ဆုံးဖြတ်လိုက်သတဲ့။ အင်မတန်နှေးကွေးလှတဲ့ လိပ်တွေရဲ့သဘာဝအတိုင်းပဲ ဒီခရီးထွက်ဖို့အတွက် ပြင်ဆင်ရတဲ့ကာလဟာ ၇ နှစ်တောင်ကြာသွားသတဲ့။ ဒီလိုနဲ့ပြင်ဆင်ပြီးလို့ သင့်တော်တဲ့နေရာဒေသတစ်ခုကို သွားပြီး ပျော်ပွဲစားလုပ်ဖို့ သူတို့ရဲ့အိမ်ကနေထွက်လာခဲ့တယ်။ ခရီးထွက်လို့ ၂ နှစ်တာကြာပြီးတဲ့နောက်မှာတော့ ပျော်ပွဲစားလုပ်ဖို့အတွက် သင့်တော်တဲ့ နေရာတစ်ခုကိုရှာတွေ့သွားသတဲ့။ သူတို့ပျော်ပွဲစားလုပ်မယ့်နေရာကို ရှင်းလင်း ပြင်ဆင် နေရာချတဲ့ ကိစ္စအတွက် ၆ လတာ ကြာပါသတဲ့။ ပြင်ဆင်ပြီး အားလုံးပျော်ပျော်ပါးပါး စားသောက်ဖို့ လုပ်တဲ့အချိန်မှာ အစားအစာတွေထဲမှာထည့်ဖို့ အိမ်ကနေ ဆား မပါလာဘဲ မေ့ကျန်နေခဲ့တယ်တဲ့။ ဆားမပါဘဲ ပျော်ပွဲစားဖို့ဆိုတာ လိပ်မိသားစုအတွက်တော့ တကယ့်ပြဿနာကြီးတစ်ခုပါပဲ။ ဘယ်လိုမှစားသောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီပြဿနာအတွက် လိပ်မိသားစုဝင်တွေအားလုံး အချိန်တောတော်ကြာ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာတော့ မိသားစုထဲကအငယ်ဆုံး လိပ်ကလေးကို အိမ်ကိုပြန်ပြီး ဆားပြန်ယူဖို့အတွက် ရွေးချယ်လိုက်ကြသတဲ့။ သူဟာနှေးကွေးလှတဲ့ အခြားလိပ်တွေထက် အမြန်ဆုံးသွားနိုင်ပေမယ့် ဝေးလံလှတဲ့ အိမ်ကိုဆားပြန်ယူဖို့အတွက် သူ့ကိုရွေးချယ်လိုက်တဲ့အခါမှာ သူ့ရဲ့လိပ်ခွံထဲကိုခေါင်း ဝင်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်သတဲ့။ နောက်ဆုံးမှာသူဟာ လိပ်တွေအားလုံးနဲ့ သဘောတူညီချက်တစ်ခုယူပြီး အမ်ကိုဆားပြန်ယူဖို့ ကတိပေးလိုက်သတဲ့။ အဲဒီသဘောတူညီချက်ကတော့ သူပြန်မလာမချင်း လိပ်တွေအားလုံး သူ့ကိုစောင့်ပြီး အစားသောက်တွေ မစားကြဖို့ပဲဖြစ်တယ်။ ဒါနဲ့လိပ်ကလေးဟာ အိမ်ကို ဆားပြန်ယူဖို့အတွက် ထွက်သွားသတဲ့။ ဒီလိုနဲ့ ၃ နှစ်တာကြာသွားတယ် လိပ်ကလေးဟာပြန်မလာသေးဘူး။ လိပ်ကလေးထွက်သွားပြီး ၅ နှစ် ၆ နှစ် ကြာပြီး ပြန်မရောက်လို့ ၇နှစ်အတွင်း ဝင်လာချိန်မှာတော့ မိသားစုထဲက အသက်အကြီးဆုံးလိပ်ကြီးဟာ အရမ်းဆာလောင်လာပြီဖြစ်တဲ့ အတွက် လိပ်လေးကိုမစောင့်တော့ဘဲ စားကြဖို့ပြောပြီး ဆင်း(ဒ)ဝှစ်(ချ) ထုပ်ကိုဖြေလိုက်သတဲ့။ အဲ့အချိန်မှာပဲ သစ်ပင်နောက်မှာ ၆ နှစ်ကျော် ပုန်းအောင်းပြီးစောင့်ကြည့်နေတဲ့လိပ်ကလေးဟာ ရုတ်တရက်ထွက်လာပြီး "တွေ့လားခင်ဗျားတို့ကျနော့်ကို မစောင့်ဘဲ စားမယ်ဆိုတာသိတယ် ကျနော်အိမ်ကို ခု ဆား သွားမယူတော့ဘူး" လို့ပြောလိုက်သတဲ့။ **** တစ်ချို့လူတွေဟာ ကိုယ်မျှော်လင့်ထားသလိုဖြစ်အောင် တစ်ခြားသူတွေက ပြီးဆုံးတဲ့အထိလုပ်ပေးမယ် အထင်နဲ့ အချိန်ကုန်ခံပြီး စောင့်ဆိုင်း နေတတ်ကြတယ်။ ****