တစ်ခါကသူငယ်ချင်း နှစ်ယောက်ဟာ သဲကန္တာရတစ်ခုကိုဖြတ်ပြီး ခရီးနှင်လာကြသတဲ့။ ကန္တာရအလယ် တစ်နေရာကိုရောက်တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်စကားများကြရာကနေ သူငယ်ချင်းတစ်ယောက်က တစ်ခြားတစ်ယောက်ကို ဒေါသထွက်ပြီးပါးရိုက်လိုက်တယ်တဲ့။ ပါးရိုက်ခံရတဲ့ သူငယ်ချင်းဟာ တော်တော်နာကျင်သွားပြီး ဝမ်းနည်းစွာနဲ့ပဲ သဲပြင်ပေါ်မှာ "ဒီနေ့ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့ကိုနာကျင်အောင်လုပ်တယ်" လို့စာရေးလိုက်သတဲ့။ နောက် သူငယ်ချင်းနှစ်ယောက်ဟာ ဆက်လက်ပြီးခရီးထွက်လာကြတယ်။ လျှောက်ရင်းလျှောက်ရင်းနဲ့ သူတို့ဟာ အိုအေစစ် တစ်ခုကိုတွေ့ပြီး အဲ့ဒီမှာ အနားယူကြတယ်။ အဲ့ဒီအချိန်မှာ ပါးအရိုက်ခံရတဲ့ သူငယ်ချင်းဟာ အိုအေစစ် အတွင်းမှာရှိတဲ့ ရေကန်ထဲကို ရေကူးဖို့ခုန်ချလိုက်တဲ့အခါမှာ ကံမကောင်းစွာနဲ့ပဲ ရေအိုင်က နွံတွေထဲကိုနစ်သွားသတဲ့။ နွံတွေထဲမှာနစ်နေတဲ့ ရုန်းမထွက်နိုင်တဲ့ သူငယ်ချင်းကို အသက်ဘေးကလွတ်အောင်လို့ ပါးရိုက်လိုက်တဲ့သူငယ်ချင်းဟာ ချက်ချင်းလာပြီး ကယ်တင်လိုက်တယ်။ ပါးရိုက်ခံရတဲ့သူငယ်ချင်းဟာ ရေနစ်ပြီးသေလုမျောပါးဖြစ်နေရာကနေ ပြန်ကောင်းလာတဲ့အခါ ကျောက်တုံးကြီးတစ်တုံးပေါ်မှာ "ဒီနေ့ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းကငါ့အသက်ကိုကယ်လိုက်တယ်" လို့စာရေးလိုက်သတဲ့။ ပါးလည်းရိုက်ပြီး အသက်ကိုပါကယ်တင်လိုက်တဲ့ သူ့ရဲ့အကောင်းဆုံး သူငယ်ချင်းဟာ "ငါမင်းကိုနာကျင်အောင်လုပ်တော့ မင်းသဲပြင်ပေါ်မှာစာရေးပြီး ခုမင်းဘာလို့ ကျောက်တုံးပေါ်မှာရေးရတာလဲ?" လို့မေးလိုက်သတဲ့။ အဲ့ဒီအခါ ရေနစ်ခဲ့တဲ့သူငယ်ချင်းက "တစ်ယောက်ယောက်ကငါတို့ကို နာကျင်အောင်လုပ်တဲ့အခါမှာ အဲ့ဒီအကြောင်းတွေကို သဲပြင်ပေါ်မှာရေးသားသင့်တယ် ဒါမှ ခွင့်လွှတ်ခြင်းလို့ခေါ်တဲ့ လေပြေညှင်းက တိုက်ခတ်ပြီး နာကျင်မှုတွေကို ပျောက်ပျက်သွားအောင် လုပ်ပစ်လိုက်လိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့ကိုကောင်းတာလုပ်ပြီးကူညီပေးခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ကျေးဇူးတရားတွေကို အမှတ်ရနေဖို့အတွက် လေဘယ်လောက်တိုက်တိုက် မပျောက်ပျက်သွားနိုင်တဲ့ ကျောက်တုံးပေါ်မှာ ရေးထွင်းထားသင့်တယ်။" လို့ပြောလိုက်တယ်။
"ဘဝကိုဖြတ်သန်းတဲ့နေရာမှာ နာကျင်ခံစားရမှု့တွေကို သဲပြင်ပေါ်မှာရေးပြီး ကျေးဇူးတရားတွေကို ကျောက်တုံးပေါ်မှာရေးထွင်းတတ်အောင်သင်ယူပါ"


No comments:
Post a Comment